Journal· မာတိကာ
၀၄
Escaping Tutorial Hell

မသိလို့သင်နေတာလား၊ မစရဲလို့သင်နေတာလား?

Date
24 Aug 2026
Section
Learning
Length
11 min

VS Code ကြီးဖွင့်ထားပြီး ဘယ်ကဘယ်လိုစရေးရမှန်းမသိလို့ နာရီဝက်လောက် ဟိုရှာဒီရှာ လုပ်နေတာမျိုး dev တော်တော်များများကြုံဖူးကြမှာပါ။ Udemy က progress bar ကြီး 100% ပြည့်သွားတယ်၊ Youtube က 6-hour crash course ကြီး ကြည့်ပြီးသွားတယ်၊ အဲ့က Repo ကို clone လုပ်ပြီး code ပြသမျှ လိုက်ရေးထားလို့ app ကတော့ အလုပ်လုပ်နေပြီ။ ဒါပေမယ့် ကိုယ့် idea နဲ့ကိုယ် စရေးမယ်ဆိုမှ blank screen ကြီးကိုကြည့်ပြီး ကြောင်ပျောက်နေတာမျိုးက ဖြစ်ဖူးကြပါတယ်။ အဲ့ချိန်မှာ “ငါသေချာမတတ်သေးဘူး။ မသိသေးပါဘူး။” ဆိုတဲ့ အတွေးဝင်လာပြီး နောက်ထပ် tutorial တစ်ခုကို ထပ်ဖွင့်ပြီး code တွေထပ်ရိုက်ကြည့်ပြန်ပါတော့တယ်။ ဒါကို Tutorial Hell လို့ခေါ်တယ်။ ဒါဆို မေးစရာရှိတာက Tutorial Hell မှာပိတ်မိနေတာက တကယ်မသိလို့လား၊ ဒါမှမဟုတ် စမ်းကြည့်ဖို့ မစရဲတာလား။

ကိုယ်လေ့လာထားတဲ့ အကြောင်းအရာကို တကယ်မသိသေးလို့ဆိုတဲ့ အချက်ကို ခဏကျော်လိုက်ရအောင်။ လေ့လာထားပါတယ်ဆိုမှ အနည်းဆုံး အခြေခံသဘောတရားတွေတော့ သိနေမှာပေါ့။ ဒါဆို “မစရဲတာ” ရဲ့နောက်ကွယ်က psychology ကဘာဖြစ်နေမလဲ။

Barbara Oakley (A Mind for Numbers စာအုပ်ရဲ့ Author) ရဲ့ Cognitive Psychology research အရ အခြားသူတစ်ယောက်ဖြေရှင်းပြတာကို စောင့်ကြည့်ရုံ (Passive Learning) နဲ့ ကိုယ်တိုင်လုပ်နိုင်တာ (Active Recall/Execution) ကို ဦးနှောက်ကမခွဲခြားနိုင်ဘဲ “ငါဒါကိုတတ်သွားပြီ” ဆိုပြီးစိတ်ကိုလှည့်စားခံရတတ်တယ်။ ကိုယ်တိုင် ပြန်ခေါ်ထုတ်ပြီး အသုံးချတဲ့ Practice မရှိတဲ့အခါ၊ သိတယ်လို့ ခံစားရပေမယ့် လိုအပ်တဲ့အချိန်မှာ ပြန်ထုတ်သုံးဖို့ ခက်သွားတတ်ပါတယ်။

နောက်တစ်ခုက Safe Zone။ Error မရှိဘူး၊ အဖြေအဆင်သင့်ရှိတယ်၊ Safe Zone ထဲမှာနေနေတုန်း “လွယ်တယ်ဟ” လို့ထင်ထားတဲ့အရာအကုန်ကိုယ်တိုင်စလုပ်မှ တစ်ခုခုလွဲချော်သွားမှာကို စိတ်ကကြိုတွေးပြီးကြောက်နေတတ်တယ်။

“ဘယ်ကစရမလဲ?” “ဒီ Error က ဘာကြောင့်တက်တာလဲ?” “ဒီ Feature ကို ဘယ်လိုတည်ဆောက်ရမလဲ?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင်ဖြေရှင်းရတော့မယ်။ အဲ့ဒီအချိန်မှာ Uncertainty နဲ့ Fear of Failure က ဝင်လာတတ်ပါတယ်။

“မတတ်သေးဘူးထင်တယ်” “မရေးနိုင်ရင် ဘယ်လိုလုပ်မလဲ?” “နောက်ထပ် Tutorial တစ်ခုလောက်ကြည့်ပြီးမှ စရင်ကောင်းမယ်ထင်တယ်…” ဆိုပြီး Tutorial ထဲကို ပြန်ဝင်သွားတတ်ပါတယ်။ ဒါနဲ့ Tutorial က Learning Tool ကနေ Safe Zone ဖြစ်လာပါတယ်။ Safe Zone နောက်ကွယ်မှာပုန်းကွယ်ချင်နေလာတယ်။

ထားပါတော့ Tutorial တစ်ခုမှာ login system တစ်ခုကိုရေးပြနေတယ်။ npm install၊ Database ချိတ်၊ Login API ရေး၊ JWT ထည့်၊ view အတွက်လည်း သူပြတဲ့ css အတိုင်းလိုက်လုပ်ရုံပဲ။ ဒါပေမယ့် Real Project ကိုစလုပ်ရတော့မယ်ဆိုရင် Login System တစ်ခုလုပ်ပေးပါ။ ဆိုတဲ့ requirement ပဲပါလာနိုင်တယ်။ Detail Design မျိုးရှိမှ ဘယ် table ကိုသုံး။ ဘယ်လို Layout မျိုးထွက်ချင်တယ်။ Auth ကိုစစ်တဲ့ချိန်မှာ ဘာတွေစစ်ချင်တယ်။ ဒါတွေလောက်ပါနိုင်တယ်။ ဆိုတော့ အဲ့တာတွေဖြစ်အောင် ကိုယ့်ဟာကိုယ် လုပ်ရတော့မယ်။

ဒီနေရာမှာ Tutorial နဲ့ Real Software Engineering ကြားက အကြီးမားဆုံးကွာခြားချက်တစ်ခုကို တွေ့ရပြီ။ Tutorial မှာ Problem ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ လမ်းကြောင်းက အဆင်သင့်ရှိပြီးသား ဖြစ်တယ်။ Real Project မှာတော့ Problem ပဲရှိပြီး Solution က ကိုယ့်တာဝန် ဖြစ်လာတယ်။

  1. 01

    ဘယ် Technology သုံးမလဲ

  2. 02

    ဘယ် Architecture နဲ့သွားမလဲ

  3. 03

    ဘယ် Table တွေလိုမလဲ

  4. 04

    API ကို ဘယ်လို Design လုပ်မလဲ

  5. 05

    Security အတွက် ဘာတွေစဉ်းစားရမလဲ

  6. 06

    Existing System တွေနဲ့ ဘယ်လို Integrate လုပ်မလဲ

ဒါတွေအားလုံးကို Tutorial တစ်ခုက လာပြီး လက်ညှိုးထိုး သင်ပြနေမှာမဟုတ်ဘူး။ အဲ့ဒီအချိန်မှာ “ငါ ဒါကို မတတ်သေးဘူး” ဆိုတဲ့ ခံစားချက်က ပြန်ဝင်လာတတ်ပါတယ်။ တကယ်တော့ အဲ့ဒီခံစားချက်ဟာ မတတ်လို့ ဖြစ်နေတာမဟုတ်ဘဲ၊ အဖြေမရှိတဲ့ Problem တစ်ခုကို ပထမဆုံး ကိုယ်တိုင်ဖြေရှင်းဖို့လုပ်နေလို့ဖြစ်နေတယ်။ Junior Developer တစ်ယောက်အနေနဲ့ “ငါဘာမှမသိဘူး” လို့ ခံစားရတဲ့အချိန်တွေဟာ တစ်ခါတလေမှာ ကိုယ်မတတ်လို့ မဟုတ်ပါဘူး။ ကိုယ်တိုင်စဉ်းစားပြီး အဖြေရှာရတဲ့အဆင့်ကို စရောက်လာလို့ပါ။

ဒါဆို Tutorial Hell ကနေဘယ်လိုထွက်မလဲ။

၁။ Tutorial ကိုအဆုံးထိကြည့်ပြီးမှ မစပါနဲ့

Tutorial ကြည့်ပြီး “အော်၊ ဒါက ဒီလိုလုပ်တာပဲ။” လို့နားလည်သွားရင် ကိုယ်တိုင်လိုက်ပြီး လုပ်ကြည့်လို့ရပြီ။ အဲ့ဒီအချိန်မှာ “ဘယ်ကစရမလဲ”၊ “ဒီ function ကဘာလုပ်တာလဲ”၊ “ဒီ Error ကဘာကြောင့်တက်တာလဲ” ဆိုတာတွေဖြစ်လာလိမ့်မယ်။ အဲ့လို Stuck ဖြစ်နေတဲ့အချိန်က Problem မဟုတ်ဘူး။ Learning စလုပ်နေတဲ့အချိန်ပါ။ မမှတ်မိရင် Documentation မှာပြန်ရှာ၊ မသိတာကို Research လုပ်၊ လိုအပ်ရင် Tutorial ကိုပြန်ပြီး refer လုပ်မယ်။ ဒီလိုဆိုရင် Tutorial ကအတိုင်း result ထွက်ဖို့ ကိုယ်ကိုယ်တိုင် ဘာတွေလုပ်ရမလဲဆိုတာ တစ်ခါတည်း learn လုပ်ပြီးသားဖြစ်သွားမယ်။ မဟုတ်ရင် အဖြေကို copy-paste လုပ်နေတာမဟုတ်ပေမယ့် နောက်ကလိုက်ပြီး typing ရိုက်နေတာကဘာမှမထူးဘူး။

၂။ Tutorial တစ်ခုပြီးသွားပြီဆိုရင် ပုံစံတူ app မျိုးရေးဖို့ try ကြည့်ရမယ်

“To Do List App With React” ကိုကြည့်ပြီးရင် နောက်ထပ် to do list app ပဲထပ်လုပ်တာမျိုးထက် အလားတူ concept တူတဲ့ Expense Tracker တို့၊ Library Management တို့ လုပ်ကြည့်သင့်တယ်။

၃။ Build Badly First

အစမှ Coding Standard ဘာညာ၊ Perfect Architecture၊ Best Practices တွေထက် ကိုယ်ရေးတဲ့ System အလုပ်လုပ်ဖို့ကို ပိုအာရုံစိုက်သင့်တယ်။ အစထဲကသိနေရင်တော့ပိုကောင်းပေမယ့် လှေကားထစ်တွေကျော်မတက်တာ အကောင်းဆုံးပဲ။

၄။ မသိတာကို Failure လို့မမြင်ရဘူး

ကိုယ်မသိတိုင်း Depression ဝင်နေရင်ရှေ့ရောက်တော့မှာမဟုတ်ဘူး။ မသိရင်သိအောင်လုပ်ဖို့က ပိုအရေးကြီးတယ်။ Software Development မှာ မသိတာထက် မသိတာကို ဘယ်လိုတွေ့အောင်မြန်မြန်နဲ့ မှန်မှန်ရှာနိုင်မလဲက ပိုကြီးတဲ့ပြဿနာပါ။ Bigger Picture ထက် လက်ရှိလုပ်နေတဲ့ Piece လေးကိုအာရုံစိုက်တာပိုကောင်းတယ်။ (ဒါကို ရှေ့က Agile Psychology မှာပြောထားပြီးပြီ) ဒါဆို Active Recall ပုံစံမျိုးဖြစ်သွားပြီး၊ Problem တစ်ခုရှင်းပြီးတိုင်း ကိုယ့် Knowledge ကတစ်ဆင့်တက်လာလိမ့်မယ်။

ဒါဆို Tutorial Hell မှာ ပိတ်မိနေတာက မသိလို့လား၊ မစရဲလို့လား? နှစ်ခုစလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မသိတာထက် မစရဲတာက ပိုကြီးတဲ့ပြဿနာ ဖြစ်နေတတ်ပါတယ်။ Tutorial ထဲမှာ အဖြေတွေရှိတယ်။ Real Project မှာတော့ မေးခွန်းတွေပဲရှိတယ်။ Developer တစ်ယောက်ဖြစ်လာတာက အဖြေအားလုံးကို သိလာတာမဟုတ်ပါဘူး။ အဖြေမရှိသေးတဲ့ Problem တွေကို ကိုယ်တိုင်စပြီး ဖြေရှင်းတတ်လာတာပါ။

Tutorial ကို ကြည့်ပါ။ ဒါပေမယ့် Tutorial ကို ပိတ်ပြီး Build လုပ်ပါ။

ဘာလို့လဲဆိုတော့ Tutorial က မင်းကို သင်ပေးနိုင်ပေမယ့်၊ Developer ဖြစ်အောင်တော့ ကိုယ်တိုင်ရေးရင်းနဲ့ပဲ သင်ယူရမှာမို့ပါ။
End of entry· ပြီးပါပြီ