Journal· မာတိကာ
၀၃
The Brain And Color

အရောင်တွေဟာ တကယ်ပဲ လွှမ်းမိုးသလား

Date
23 Aug 2026
Section
Color
Length
14 min

အရောင်ဆိုတာ နှစ်စဉ် အိမ်သုတ်ဆေးလုပ်ငန်းများတွေရဲ့ ဒေါ်လာဘီလျံပေါင်းများစွာရှာဖွေလို့ရနိုင်တဲ့ သဘာဝအချိုးကျပေါင်းစပ်မှုတစ်ခုပါ။ အိမ်သုတ်ဆေးလုပ်ငန်းတစ်ခုထဲသာမက အရောင်အတိုင်ပင်ခံလုပ်ငန်း (Color Consulting)၊ အိမ်အတွင်းခန်းအလှဆင်လုပ်ငန်း (Interior Design)၊ Branding နဲ့ အရောင်ကုထုံး (Chromotherapy) တွေအထိ လုပ်ငန်းမျိုးစုံဟာ ယူဆချက်တစ်ခုပေါ်မှာပဲရပ်တည်နေပါတယ်။ ထိုယူဆချက်ဟာ အရောင်တွေဟာ လူသားတွေရဲ့ စိတ်ကို ပြောင်းလဲစေနိုင်တယ်ဆိုတဲ့အချက်ဟာ ယူဆချက်တစ်ခုပါ။

ထိုယူဆချက်က ဘယ်လောက်အထိခိုင်မာလဲဆိုတာကို တစ်ချက်လောက်ဆန်းစစ်ကြည့်ရအောင်။

အလင်းနဲ့ အရောင်ကို အမြဲရောနေတတ်ကြတယ်

ပထမဆုံး ရှင်းရမှာက ကျွန်တော်တို့ တစ်ခုတည်းလို့ ထင်နေတဲ့ မေးခွန်းဟာ တကယ်တော့ နှစ်ခုရှိနေတာပါ။ တစ်ခုက အလင်းဟာ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်လဲဆိုတာနဲ့ နောက်တစ်ခုက အရောင်ဟာ စိတ်ကို ဘယ်လိုသက်ရောက်လဲဆိုတာပါပဲ။ ထိုနှစ်ခုက လုံးဝ မတူညီတဲ့မေးခွန်းနှစ်ခုပါ။

၁၉၉၈ ကနေ ၂၀၀၂ ကြားမှာ သိပ္ပံပညာရှင်တွေဟာ မျက်လုံးထဲမှာ အလင်းခံဆဲလ်အမျိုးအစားအနေနဲ့ ကျောင်းမှာသင်ခဲ့ရတဲ့ rods နဲ့ cones နှစ်မျိုးအပြင် တတိယအမျိုးအစားတစ်ခုရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုအရာကို ipRGC လို့ခေါ်တယ်။ ထိုဆဲလ်တွေဟာ ရုပ်ပုံကို မမြင်ရပါဘူး။ camera sensor လိုမျိုးမဟုတ်ဘဲ light meter တစ်ခုလိုမျိုးအလုပ်လုပ်တာပါ။ အလင်းဘယ်လောက်ရှိလဲဆိုတာ တိုင်းတာပြီးဦးနှောက်ထဲမှာရှိတဲ့ ဇီဝနာရီဖြစ်စဉ်ဆီသို့ တိုက်ရိုက်ပို့ဆောင်တဲ့အလုပ်ကိုလုပ်တာပါ။ ထိုဖြစ်စဉ်ကနေ melatonin (ကိုယ်ခန္ဓာထဲမှာရှိတဲ့ အိပ်ငိုက်စေတဲ့ဟော်မုန်း) တစ်မျိုးထုတ်လုပ်မှုကို ရပ်တန့်လိုက်တာပါ။ ထူးခြားတာတစ်ခုက ဒီဆဲလ်တွေဟာ အလင်းအားလုံးကို အတူတူတုံ့ပြန်တာမျိုးတော့မဟုတ်ဘူး။ အပြာနဲ့ စိမ်းပြာ ကဲ့သို့အရောင်ရှိတဲ့ အလင်းကိုသာ တုန့်ပြန်တတ်ကြတာပါ။ အနီရောင်တော့ဆိုရင် ဘာမှမဖြစ်သလောက်ပါပဲ။ ဒါကြောင့် အပြာဘက်အများဆုံးပါတဲ့ မနက်ခင်းနေရောင်က နိုးကြားမှုကိုဖြစ်စေပြီး၊ အနီဘက်သမ်းတဲ့ နေဝင်ချိန်အလင်းတွေကတော့ နိုးကြားမှုကိုရပ်တန့်စေတာ ဖြစ်ပါတယ်။ ဆဲလ်တွေဟာ “နေထွက်ပြီ” နဲ့ “နေဝင်ပြီ” ဆိုတာကို အရောင်ကနေတစ်ဆင့် ခွဲခြားနေတာပါ။

ဒါဟာ တကယ်တော့ ဇီဝဗေဒဖြစ်စဉ်တစ်ခုပါ။ သို့သော် ဒီနေရာမှာလူတွေက အလင်းရဲ့ ဇီဝဗေဒဖြစ်စဉ်နဲ့ အရောင်ရဲ့ စိတ်ပညာဆိုင်ရာသက်ရောက်မှုကို ရောနှောနေတတ်ကြပါတယ်။ နံရံကို အပြာသုတ်လိုက်ခြင်းဟာ melatonin အပေါ်ကို မည်သည့်သက်ရောက်မှုမှ မရှိပါဘူး။ အကြောင်းက ဆေးရောင်ဟာ ကိုယ်တိုင်အလင်းမထုတ်လွှတ်နိုင်လို့ပါ။

ဒိုင်လူကြီးတွေ ဘာမြင်နေလဲ

၂၀၀၅ ခုနှစ် Nature စာတမ်းတစ်ခုက Olympic အားကစားတွေမှာ အနီဝတ်တဲ့သူတွေဟာ ပိုနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ အဓိကအကြောင်းအရာကတော့ အနီရောင်ဟာ လွှမ်းမိုးမှုကိုကိုယ်စားပြုပြီးပြိုင်ဘက်ကို ကြောက်ရွံ့စေခဲ့တယ်လို့ဆိုပါတယ်။ ၂၀၀၈ မှာ ဂျာမန်သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ထိုအရာကိုစမ်းသပ်ဖို့အတွက် နည်းလမ်းတစ်မျိုးကို ထပ်မံစဉ်းစားလိုက်ပါတယ်။ သူတို့ဟာ အတွေ့အကြုံများစွာရှိတဲ့ taekwondo ဒိုင် ၄၂ ဦးကို taekwondo ပွဲစဉ်ဗီဒီယိုတွေကိုပြပါတယ်။ ဗီဒီယိုအကုန်လုံးဟာ ပုံစံတူတစ်ထပ်တည်းပါ။ ကစားသမားချင်းလည်း တူသလို ကစားပုံလည်း တူကြပါတယ်။ သူတို့ပြုလုပ်တာဆိုလို့ အကာအကွယ်ပစ္စည်းရဲ့ အရောင်ကိုသာ ကွန်ပျူတာနဲ့ လဲပစ်လိုက်တာပါ။ ထိုအခါမှာတော့ ဒိုင်တွေဟာ အနီဝတ်သူတွေကို ပျမ်းမျှ ၁၃% အထိအမှတ်ပိုပေးခဲ့ကြပါတယ်။ ဆိုလိုတာက အနီရောင်က အားကစားသမားအပေါ်သက်ရောက်ခြင်းမဟုတ်ဘဲနဲ့ ဒိုင်တွေရဲ့အမှတ်ပေးစည်းမျဉ်းအပေါ်ကို သက်ရောက်နေတာပါ။

ထိုစမ်းသပ်ချက်အပြင် ၂၀၀၁ Bordeaux တက္ကသိုလ်က ဝိုင်ပညာသင် ၅၄ ဦး အပေါ်စမ်းသပ်မှုဟာလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ထိုစမ်းသပ်မှုမှာ ပညာရှင်တွေဟာ ပညာသင်တွေကို ဝိုင်နှစ်မျိုးပေးပြီးစမ်းခိုင်းတယ်။ တစ်ခုက အဖြူ၊ တစ်ခုက အနီ။ တကယ်တော့ ထိုနှစ်ခုစလုံးဟာ အဖြူဝိုင်ချည်းပါပဲ တစ်ခုကို အနီရောင်ဆိုးဆေးထည့်ထားတာပါ။ ထိုအခါ ပညာသင်တွေက အနီဆိုးထားတဲ့ခွက်ကို သုံးသပ်တဲ့အချိန်မှာ ဝိုင်အနီမှာအသုံးပြုတဲ့ ဝေါဟာရတွေချည်းပဲ သုံးနှုန်းခဲ့ကြပါတယ်။ ချယ်ရီ၊ ဘယ်ရီသီး၊ ကြက်သွန်နီ အစရှိသည်ဖြင့်သုံးခဲ့ကြပြီး ဝိုင်အဖြူအတွက် သုံးလေ့ရှိတဲ့ စကားလုံးတစ်လုံးကိုမှ အသုံးမပြုခဲ့ပါဘူး။ ဒါဟာ သူတို့ လိမ်လည်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ တကယ် အဲဒီလို ခံစားခဲ့ကြရတာပါ။ မျက်စိ၊ နှာခေါင်း၊ လျှာဆိုတာ သီးခြားစီ အလုပ်လုပ်နေတာမျိုး မဟုတ်ဘဲ တစ်ခုက ရလာတဲ့ အချက်အလက်ကို ကျန်တဲ့အစိတ်အပိုင်းတွေဆီမျှဝေပြီး ရလာတဲ့ ရလဒ်ကို ပြန်လည်သုံးသပ်ကြတာဖြစ်ပါတယ်။ ထိုစမ်းသပ်ချက်ကနေတစ်ဆင့် အရောင်ဟာ ဆုံးဖြတ်ချက်ကို ပြောင်းစေတယ်၊ အရသာကို ပြောင်းစေတယ် ဆိုတာကိုကောက်ချက်ချလို့ရနိုင်ပါတယ်။

ကွာကျလာတဲ့ အလွှာ

လုပ်ငန်းတွေ တကယ်ရောင်းနေတာက “အရောင်က ခံစားချက်ကို ပြောင်းတယ်” ဆိုတဲ့အချက်ပါ။ သို့သော်ထိုအချက်ဟာ ဒီဆယ်စုနှစ်အတွင်း တစ်ခုပြီးတစ်ခု ကွာကျနေပါတယ်။ နာမည်အကြီးဆုံးအရောင်ကတော့ Baker-Miller Pink ပါ။ ၁၉၇၉ မှာ ပန်းရောင်ဖျော့တစ်မျိုးက ကြမ်းတမ်းမှုကို လျှော့ချပေးတယ်လို့ ဖော်ပြခဲ့လို့ ထောင်အခန်းတွေ၊ အားကစားအသင်းတွေဟာ ပြိုင်ဘက်အခန်းတွေမှာ ထိုအရောင်ကိုသုတ်ခဲ့ကြပါတယ်။ ၂၀၁၅ ရဲ့ ဆွစ်ဇာလန်ထောင်တစ်ခုမှာတော့ ထိန်းချုပ်မှုတင်းကျပ်စွာနဲ့ ပြန်စမ်းတဲ့အခါ မည်သည့်ထူးခြားချက်ကိုမှ မတွေ့ခဲ့ရပါဘူး။

ကတ်တွေက ဖန်တီးလိုက်တဲ့ စကြဝဠာ

ဒီအထိက အများသိပြီးသား ဇာတ်လမ်းတွေပါ။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ဒီအချက်ပါ။ အရောင်တစ်ခုကို တိကျစွာ ဖော်ပြဖို့ဆိုရင် တိုင်းစရာသုံးမျိုးလိုပါတယ်။ Photoshop ရဲ့ HSB slider သုံးခုပါပဲ။

  1. 01

    ဘယ်အရောင်လဲ (hue)

  2. 02

    ဘယ်လောက်ပြင်းလဲ (saturation)

  3. 03

    ဘယ်လောက်လင်းလဲ (lightness)

လေ့လာမှုအများစုက အနီနဲ့ အပြာကို နှိုင်းယှဉ်ပါတယ်။ ၂၀၂၅ မှာ ဂျပန်သုတေသီတွေ တွေ့ရှိချက်တစ်ခုကတော့ ရှင်းပါတယ်။ saturation နိမ့်တဲ့အပိုင်းမှာ hue ရဲ့ လွှမ်းမိုးမှု လုံးဝပျောက်သွားတာဖြစ်ပြီး အရောင်မှောင်လေလေ ဒေါသခံစားချက် ပြင်းလေလေ ဖြစ်ပါတယ်။ အဓိက ဒေါသပြင်းရခြင်းဟာ အနီရောင်ကြောင့်မဟုတ်ဘဲ အမှောင်ကြောင့် ပိုပြင်းတာမျိုးလဲဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ပိုပြင်းထန်တဲ့ ဝေဖန်ချက်တစ်ခု ရှိပါသေးတယ်။ World Color Survey ဆိုတာ ဘာသာစကားပေါင်း ရာနဲ့ချီပြီး လေ့လာခဲ့တဲ့ သမိုင်းဝင်စီမံကိန်းကြီးတစ်ခုပါ။ Survey လုပ်ပုံက ရိုးရှင်းပါတယ်။ Munsell ဆိုတဲ့ အရောင် standard ကတ်တွေကို ချထားပြီး “မင်းတို့ဘာသာစကားမှာ ဘယ်ဟာက အနီအစစ်လဲ” လို့ မေးတာပါ။ ရလဒ်က နာမည်ကြီးသွားပါတယ်။ ဘာသာစကားအားလုံးလိုလိုက တူညီတဲ့ကတ်တွေကိုပဲ ညွှန်ပြကြပါတယ်။ ဒါဟာ လူသားတိုင်းမှာတူညီတဲ့ အရောင်ခံစားမှုရှိတယ်ဆိုတဲ့ အထောက်အထားအဖြစ် ဆယ်စုနှစ်များစွာလက်ခံခဲ့ကြပါတယ်။ သုတေသီ Christoph Witzel က မေးခွန်းတစ်ခုပဲ ထပ်မေးလိုက်ပါတယ်။ အဲဒီကတ်တွေက အားလုံး တူညီတဲ့ saturation ရှိရဲ့လား။ မတူပါဘူး။ တစ်ချို့ကတ်တွေက ကျန်တာတွေထက် ပိုတောက်နေပါတယ်။ ဒါဟာဘာကြောင့် အရေးကြီးလဲဆိုတော့ — မေးခွန်းတစ်ခုမှာ အဖြေရွေးချယ်စရာ လေးခု ပေးထားပြီး တစ်ခုကိုပဲ စာလုံးထူနဲ့ ရေးထားရင် ဘာဖြစ်မလဲ။ လူတိုင်း အဲဒါကိုပဲ ရွေးမှာပါ။ ဒါက လူသားရဲ့ သဘောသဘာဝ မဟုတ်ပါဘူး။ မေးခွန်းရေးပုံ ချို့ယွင်းနေတာပါ။ ထိုအရာကို Witzel က ၂၀၁၉ မှာ တိုက်ရိုက် စမ်းပြလိုက်တယ်။ ကတ်အစုံကို ပြောင်းပြီး saturation အမြင့်ဆုံးကတ်ကို တခြားနေရာ ရွှေ့လိုက်တဲ့အခါ လူတွေရဲ့ “အနီအစစ်” ရွေးချယ်မှုလည်းပြောင်းလဲသွားပါတယ်။ ဆိုလိုတာက လူတွေ ညွှန်ပြနေတာ အနီအစစ် မဟုတ်ဘူး။ အတောက်ဆုံးကတ်ကို ညွှန်နေတာပါ။ လေ့လာမှုနည်းလမ်းကိုယ်တိုင်က ဖန်တီးလိုက်တဲ့ အတုအယောင်ရလဒ်မျိုးကို artifact လို့ ခေါ်ပါတယ်။ လူသားအားလုံးမှာ တူညီတဲ့ အခြေခံအရောင်တွေ ရှိတယ်ဆိုတဲ့ ဆယ်စုနှစ်များစွာ လက်ခံခဲ့တဲ့ ကောက်ချက်ဟာ လူသားရဲ့ ဂုဏ်သတ္တိ မဟုတ်ဘဲ သုတေသီတွေ ရွေးလိုက်တဲ့ ကတ်တွေရဲ့ ဂုဏ်သတ္တိ ဖြစ်နေနိုင်ပါတယ်။

နိဂုံးချုပ်

အရောင်တွေ လွှမ်းမိုးပါသလား။ လွှမ်းမိုးပါတယ်။ သို့သော် စီးပွားရေးသမားတွေပြောသလိုမျိုးတော့ မဟုတ်ပါဘူး။ အလင်းဟာ အိပ်ချိန်နိုးချိန်ကို ထိန်းချုပ်တယ်။ အရောင်ဟာ ဝိုင်ရဲ့ အရသာ၊ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းတယ်။ ဒါတွေက တိုင်းလို့ရတဲ့ အရာတွေပါ။ နံရံရဲ့ အရောင်တစ်ခုက ကိုယ့်စိတ်နေစိတ်ထားကို တိုက်ရိုက် ပြောင်းပစ်တယ်ဆိုတာကတော့ အခုအချိန်ထိ သက်သေ အားနည်းနေပါသေးတယ်။ ဒါပေမယ့် အရောင်နဲ့ ခံစားချက် လုံးဝ မဆက်စပ်ဘူးလို့တော့ မဆိုလိုပါဘူး။ ကမ္ဘာအနှံ့မှာ လူတွေဟာ အရောင်တွေကို ခံစားချက်တွေနဲ့ တစ်သမတ်တည်း ချိတ်ဆက်ကြပါတယ်။ ကွာခြားချက်ကတော့ အရောင်ဟာ ခံစားချက်ကို ဖြစ်စေတာ မဟုတ်ဘဲ သယ်ဆောင်ပေးတာ ဖြစ်ခြင်းပါပဲ။ အနက်ရောင်က ကိုယ့်ကို ဝမ်းနည်းအောင် မလုပ်ပါဘူး။ ဒါပေမယ့် ဝမ်းနည်းမှုကို ဖော်ပြဖို့ လူတိုင်း နားလည်တဲ့ အရောင်ပါ။

အရောင်က ကျွန်တော်တို့ကို ဘာခံစားရမလဲ မခိုင်းပါဘူး။ ဘာမြင်နေလဲ၊ ဘာကို ဆိုလိုနေလဲဆိုတာကို ပြောတာပါ။
End of entry· ပြီးပါပြီ